ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မြေပဲ ၁၇၂၀ ဧကထိ နှုတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မြေပဲ ၁၇၂၀ ဧကထိ နှုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၅၂ ဒသမ ၁၆ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ၃၁၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ မြေပဲစိုက်ခင်းများကို ဒေသခံတောင်သူများက ဇန်နဝါရီလမှ စတင်နှုတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် မြေပဲ ၁၇၂၀ ဧကထိ နုတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် မြေပဲတောင့်တင်းရေ ၅၂ ဒသမ ၁၆ တင်း ထွက်ရှိကြောင်း သိရသည်။

“ဆောင်းရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီစားသုံးမှုဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် မြေပဲ ၃၁၆၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့  မြေပဲစိုက်ခင်းတွေကို လက်ရှိမှာ နုတ်သိမ်းဆောင်ရွက်လျက်ရှိပြီး ဒီနေ့ထိ မြေပဲ ၁၇၂၀ ဧက နှုတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ပါတယ်။ မြေပဲနုတ်သိမ်းတာနဲ့ပတ်သက်ပြီး အထွက်နှုန်းလျော့နည်းမှုမဖြစ်အောင် အချိန်မီနှုတ်သိမ်းကြဖို့နဲ့ နှုတ်သိမ်းပြီး မြေပဲများကို အမိုးအကာအောက်သို့ စနစ်တကျထားသိုသိမ်းဆည်းကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီ၌ မြေပဲစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေး၊ (GAP)စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူများ စားသုံးဆီဖူလုံရေးနှင့် တောင်သူဦးကြီးများအတွက် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဆီထွက်သီးနှံမြေပဲကို အထွက်နှုန်းများကောင်းအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံအောင် ဖြည့်ဆည်းပေးနိုင်ရုံသာမက ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သောကြောင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသော မြေပဲမျိုးများကို ဒေသမရွေးတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)