တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦးမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်နှင့် ဝန်ထမ်းများအား မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး၏ အချက်အလက်များနှင့် အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)