ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် အိုးထိန်းမြေ ဓမ္မစကူးလ်သင်တန်း(၇)နှစ်ပြည့် သင်တန်းဆင်းပွဲ ပြုလုပ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ဘုန်း‌တော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အိုးထိန်းမြေဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်း (၇)နှစ်ပြည့် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နမ္မောတဿ(၃)ကြိမ်ရွတ်ဆို၍  အခမ်းအနားကို ဖွင့်လှစ်ကာ ဓမ္မစကူးလ်သင်တန်း ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ဓမ္မစကူးလ်အဓိဋ္ဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး ရွာသစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ထံမှ ငါးပါးသီလနှင့် ဆုံးမဩဝါဒများကို နာယူကြည်ညိုခဲ့ကြ သည်။

ဆက်လက်၍  ရွာသစ်ကုန်းကျေးရွာ အိုးထိန်းမြေဓမ္မစကူးလ်သင်တန်းတာဝန်ခံ ဆရာတော် ဦးတိလောကက ကျေးရွာရှိ ကျောင်းသား၊ကျောင်းသူ မောင်မယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းမိန့်ကြားကာ ကျောင်းသားမိဘများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ရွာသစ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးနှင့် တာဝန်ရှိသူများက အိုးထိန်းမြေဓမ္မစကူးလ်သင်တန်း ကျောင်းသား/ကျောင်းသူများကို အတန်းလိုက် ဗုဒ္ဓဝင်ဉာဏ်စမ်းပဟေဠိ အမေး/အဖြေပြုလုပ်၍ ဖြေဆိုနိုင်သော ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ကျောင်းသူများက ဓမ္မစကူးလ်နှိုးဆော်တေးကဗျာများကို သီဆိုဖျော်ဖြေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ သုခကာရီပရိယတ္တိ စာပေပျိုးခင်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများကို “ပညာပြည့်ဝ နှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့”ဟူသော ဆောင်ပုဒ်အတိုင်း ဗုဒ္ဓအဆုံးအမ၏တရားတော်နှင့်အညီ ယဉ်ကျေးလိမ္မာသောလူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အိုးထိန်းမြေဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ယင်းဓမ္မစကူးလ်သင်တန်းတွင် သင်တန်းနည်းပြ ဆရာ၊ဆရာမ (၁၅) ဦးတို့က ကျောင်းသား၊ ကျောင်းသူဦး‌ရေ ၁၀၀ ကျော်ကို ဗုဒ္ဓအဆုံးအမ ယဉ်ကျေးလိမ္မာစာပေများ၊ ဘုရားရှိခိုးနည်း၊ သီလယူခြင်း၊ မေတ္တာပို့သခြင်း၊ တရားထိုင်ခြင်းအစရှိသည့် ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်ခန်းစာများကို ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )