ထန်ပါခွေ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာအုပ်စု၊ မကြောင်းဝေါကျေးရွာ၌ တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်မင်းသူက ရွှေ့ပြောင်းတောင်ယာလျော့ချနိုင်စေရန်၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်းသစ်များ ထွန်းကားနိုင်စေရန်၊ သားစဉ်မြေးဆက်စားသုံးနိုင်သည့် ထောပတ်ပင်၊ ပန်းသီးပင်၊ ကော်ဖီပင်စသည့် နှစ်ရှည်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းနည်း၊ သဘာဝမြေဩဇာပြုလုပ်နည်းများကို ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်၍ ယခုလိုတောင်သူနည်းပညာပေးသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးသည်။
ထို့နောက် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မင်းသူက သင်တန်းတွင် တက်ရောက်လာကြသည့် ၀န်ထမ်း(၂)ဦး၊ တောင်သူ(၂၅) ဦးတို့အား တမာပိုးသတ်ဆေး 500 CC (၇)ဗူး၊ ဟင်းသီးဟင်းရွက်မျိုးစေ့ (၅၀)ထုပ်တို့အားပေးအပ်ခဲ့ပြီး၊ စိုက်ပျိုးရေးကိုစိတ်ပါ၀င်စားသော ဒေသခံတောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မင်းသူက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အလန်(ထန်ပါခွေ)