မြို့သစ် ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများးက ဈေးရောင်းဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင် လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များ အခမဲ့ဖြန့်ဝေကာ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားခဲ့သည်။
ထိုသို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အပတ်စဥ် တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက် )