အိမ်မဲ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကညင်ကွင်းကျေးရွာအုပ်စု ဝါရုံစုကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းဖွင့်ပွဲအား ယနေ့နံနက် (၁၀) နာရီခွဲက ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ ဝါးရုံစုကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်တို့က အဆိုပါလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ လမ်းအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းမှာ လမ်းအရှည် ၁၂၀၀ ပေ၊ အကျယ် ၆ ပေ၊ ထု ၆ လက်မရှိကာ လမ်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သိန်း (၁၅၀)၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း (၁၅၀)၊ စုစုပေါင်း ကျပ်သိန်း (၃၀၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းပြီးစီးသွားခြင်းကြောင့် ဝါးရုံစုကျေးရွာမှ အိမ်ခြေ (၁၄၂) အိမ်၊ အိမ်ထောင်စု (၁၄၅) စု၊ လူဦးရေ (၅၉၈)ဦးနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)