ရေကြည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကြိမ်၊ ဝါး၊ သင် လက်မှုပစ္စည်း ထုတ်ကုန်သင်တန်း ဖွင့်လှစ်

ရေကြည် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးအသက်မွေးဝမ်းကြောင်းဆိုင်ရာ ကြိမ်၊ ဝါး၊ သင် လက်မှုပစ္စည်း ထုတ်ကုန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် (ဓမ္မာရုံ) ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည်သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကျေးလက်ဒေသအခြေပြု လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်ကြမ်းတွေကို အခြေခံတဲ့လက်မှုပညာရပ်တွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အထူးသဖြင့် သစ်တောဦးစီးဌာနက စီမံခန့်ခွဲသည့် ကြိမ်၊ ဝါးနဲ့ သင်တို့ဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်မှာသာမက နေ့စဉ် လူမှုအသုံးအဆောင်တွေမှာပါ မရှိမဖြစ် အသုံးဝင်တဲ့ အဖိုးတန်သစ်တောထွက်ပစ္စည်းများဖြစ်ကြပါတယ်။ ဒါကြောင့် ကြိမ်၊ ဝါး ၊ သင် အိမ်သုံးလက်မှုပစ္စည်းများ၊ ပရိဘောဂစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရန် နည်းပညာအကူအညီပေးနိုင်ခြင်းကြောင့် မိသားစုဝင်ငွေတိုးလာမည်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ ရေကြည်မြို့နယ် ကြိမ်၊ ဝါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ကြိမ်၊ဝါးလက်မှုပစ္စည်း ပြုလုပ်ပုံအဆင့်ဆင့်၊ ဝါးပင်များ၏ တန်ဖိုးရှိပုံနှင့် အကျိုးကျေးဇူးများ၊ ဝါးပင်များမှ ပေးစွမ်းနိုင်သည့်ထုတ်ကုန်များ ၊ဈေးကွက်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ် ကြိမ်၊ဝါးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ သင်တန်းဆရာ/မများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရက်တိုသင်တန်းကို သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပြီးသင်တန်းဆရာ/ဆရာမ (၆) ဦးတို့မှ သင်တန်းကို (၄) ရက်ကြာ  ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)