ကန့်ဘလူ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနည်းခြောက်မျိုးကို မတ်လ တတိယပတ်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်ကြားပေးမည့် အားကစားနည်းများဖြစ်သည့် ဖူဆယ်၊ တင်းနစ်၊ ကြက်တောင်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်စနူကာ စသည့် အားကစားနည်း ခြောက်မျိုးကို အခြေခံမှစ၍ စနစ် တကျဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်သော လူငယ်များ ပေါ်ထွက်လာစေရန် သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံ ဒေါ်ငွေဆွေတာရာက ပြောသည်။
အဆိုပါသင်တန်းများကို မတ်လ ၂၀ ရက်မှ ဧပြီလ ၂ ရက်အထိ သက်ဆိုင်ရာသတ်မှတ် နေရာအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)