ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ နွေစပါးနှင့်နွေသီးနှံများစိုက်ပျိုးရန်  ဆည်ရေများ စတင်ပေးဝေ

ငဖဲ ဖေဖော်ဝါရီ ၁၅

ယခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံဆည်ရေသောက် ဧရိယာများတွင် နွေစပါးနှင့်နွေသီးနှံများစိုက်ပျိုးရန်လျာထားဧက၁၇၀၃ ဧက အတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယနေ့နံနက်ပိုင်းမှစ၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေသောက် ဧရိယာအတွင်းရှိ မြောင်းလက်တံအလိုက် နွေစပါးများပျိုးထောင်စိုက်ပျိုးရန်လျာထားမှုအနေဖြင့် လက်ဝဲ/လက်ယာ မြောင်းမကြီးတစ်လျှောက်ရှိ ကျေးရွာအုပ်စု ၁၁ အုပ်စုရှိ  ကွင်းပေါင်း၂၀ တွင် နွေစပါး ၁၂၇၁ ဧကနှင့် နွေနှမ်း ၄၃၂ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်သည်။

အဆိုပါ မန်းချောင်းရေလှောင်တမံ၏ ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ ၁၂၀၀၀၀ ဧကပေဖြစ်ပြီး ယနေ့လက်ရှိရေသိုလှောင်ပမာဏမှာ ၁၀၄၉၀၀ ဧကပေ၊ ရေအမှတ် ၆၂၀.၄၀ ပေရှိသည့်အတွက် ဆည်ရေပေးဝေနိုင်တဲ့ဧရိယာမှာ နွေစပါး ၁၂၇၁ ဧကနှင့်နွေနှမ်း ၄၃၂ ဧက စိုက်ပျိုးဖို့လျာထားကြောင်း၊ မန်းတမံဆည်မှ မန်းရွှေစက်ဘုရားပွဲတော်အတွက်ဆည်ရေပေးဝေရင်း နွေစပါးများပျိုးထောင်နိုင်ရန်အတွက်ပါထပ်ဆောင်း၍ ဆည်ရေပေးဝေလျက်ရှိရာတောင်သူများအနေဖြင့် စတင်ထွန်ယက်နေကြပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ဆည်ရေအပြည့်အဝရှိသည့်အတွက် နွေစပါးနှင့်နွေသီးနှံများစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။      

မယု(ငဖဲ)