အစိုးရရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများပြား

ငွေဆောင် ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် တည်ရှိသော နာမည်ကြီး ခရီးသွားအပန်း ဖြေနေရာတစ်ခုဖြစ်သည့် ငွေဆောင်ကမ်းခြေသို့ အစိုးရရုံးပိတ်ရက်ကာလဖြစ်သော ဖေဖော်ဝါရီ ( ၁၂)၊ ပြည်ထောင်စုနေ့မှ စတင်ကာ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များစွာ လာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယခုလ အစိုးရရုံးပိတ်ရက် (၆) ရက်အတွက် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ အခန်းအားလုံးနီးပါး ငှားရမ်းထားရပြီး (၁၂)ရက်နေ့မှ ( ၁၄) ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် စုစုပေါင်း (၁၀၉၃၆) ဦး ဝင်ရောက်အပန်းဖြေလျက်ရှိကြောင်း သိရသည်။ ဒေသခံလုပ်ငန်းရှင်တစ်ဦးက “ရုံးပိတ်ရက်တွေမှာတော့ ဧည့်သည်ဝင်ရောက်မှု ပိုမိုများလာပါတယ်။ ဒါကြောင့် ဟိုတယ်၊ စားသောက်ဆိုင်တွေအတွက် ဝင်ငွေတိုးတက်လာပြီး ဒေသခံပြည်သူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိပါတယ်” ဟု ပြောကြားသည်။

ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များသည် ပင်လယ်ရေ ကစားခြင်း၊ သဲသောင်ပြင်လမ်းလျှောက်ခြင်း၊ နေဝင်ချိန်ရှုခင်းကြည့်ရှုခြင်းတို့ကို အဓိက လုပ်ဆောင်ကြပြီး စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင်လည်း ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။ ခရီးသွားများ၏ လုံခြုံရေးနှင့် အဆင်ပြေချောမွေ့မှုအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ထားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ကမ်းခြေသန့်ရှင်းရေး၊ ယာဉ်ကြောထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်လင်းဦး (ပြန်/ဆက်)