မြို့သစ်မြို့ "ခရမ်းချဉ်သီး” စျေးများ ပြန်လည်ကျဆင်းနေ

မြို့သစ် ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ ကျဆင်းနေကြောင်း စိုက်ပျိုးရောင်းချသူများထံက သိရသည်။

ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတု အခြေအနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံး ပြုရကြောင်း ခရမ်းချဉ်စိုက်ပျိုးသူထံက သိရသည်။

ခရမ်းချဉ်မျိုး (၂)ထုပ် စိုက်ပျိုးပါက ငွေကျပ် ဆယ်သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီးရက် ငါးဆယ်ဝန်းကျင်တွင် အသီးများ  စတင်ခူးဆွတ်ရောင်းချရကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တစ်ပိဿာ (၅၀၀၀)/(၆၀၀၀)ကျပ် စျေးရောင်းချရသော်လည်း ယခုပေါက်စျေး တစ်ပိဿာ (၄၀၀၀)ကျပ် စျေးဝန်းကျင်ရရှိကြောင်း၊ (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါး ဝင်ငွေရရှိနေကြောင်း၊ စျေးနှုန်းအနည်းငယ် ကျဆင်းနေသဖြင့် စိုက်ပျိုးရောင်းချသူများ အမြတ်အစွန်းရသင့်သလောက် မရရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ခရမ်းချဉ်သီးစိုက်ပျိုး သူများအနေဖြင့် ဗမာခရမ်းချဥ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို နေရာခွဲကာ စိုက်ပျိုးကြကြောင်းနှင့် ခရမ်းချဉ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)