မုံရွာ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဇဗ္ဗု့သပြေလမ်းမှ အစိုးရနည်းပညာအထက်တန်းကျောင်းဝန်းအထိ ပြည်ထောင်စုလမ်းရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့်စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၆၀၀ ဦး ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မုံရွာ-ရေဦးကား လမ်းမပေါ်ရှိ ကန်သာယာကန်မှ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးအထိ အရှည်-၁၅၅၀၀ ပေအား အကျယ် ၄ ပေရှိ အုတ်စီရေမြောင်းနှင့် လမ်းဘေးဝဲ/ယာ ကွန်ကရစ်ခင်းခြင်း၊ ကပ်တုံးပြုလုပ်ခြင်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများအပေါ် စေတနာထားကာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် လုပ်ငန်းများစံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအားမှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်သို့သွားရောက်ကာ ဌာနဆိုင်ရာပြခန်းများ၊ ဈေးဆိုင်ခန်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်သုံးအလှဆင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ မွေးမြူရေးထုတ်ကုန်အရောင်းပြခန်းများ၊ မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များ၏ ဝန်ဆောင် မှုပြခန်းများ၊ ကလေးကစားကွင်းများနှင့် စားသောက်ဆိုင်ခန်းစုစုပေါင်း (၂၃၀) ခန်းကျော်ဖြင့် ပြသရောင်းချနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဈေးရောင်းပွဲတော်သို့လာရောက်ကြသည့် မြို့နေပြည်သူများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းဖြင့်သီဆိုဖျော်ဖြေမှုများအား မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ တစ်ပျော်တစ်ပါး အားပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)