ကန့်ဘလူ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အမျိုးသားဆံသသင်တန်း (အခမဲ့) ဆင်းပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က သင်တန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို ဆက်လက်ဆည်းပူး လေ့လာသွားကြရန်နှင့် မိသားစု စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားသွားကြရန် မှာကြားသည်။
ထို့နောက် သင်တန်းသားနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ သင်တန်းစားရိတ် ထောက်ပံ့ငွေ ကျပ်(၂)သိန်း၊ ဆံပင်ညှပ်ကိရိယာနှင့် ဆက်စပ်ပစ္စည်းများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်၊ ဆံပင်ညှပ်ကိရိယာနှင့် ဆက်စပ်ပစ္စည်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများက အသီးသီး ချီးမြှင့်ပေးအပ်သည်။ အဆိုပါသင်တန်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်ပြဆရာနှင့် သင်တန်းသား ၃၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)