ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကိုးပင်ကျေးရွာ စက်သုံးဆီအရောင်းဆိုင်များ၌ မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများကောင်း/မကောင်း၊ သက်တမ်းလွန်မီးသတ်ဆေးဘူးများရှိ/မရှိ၊ မီးသတ်ရေလှောင်ကန်များ၌ ရေများအရန်သင့်စုဆောင်းထားရှိမှုရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီများစနစ်တကျသိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချပေးနေမှုများကို စစ်​ဆေးဆောင်ရွက်ခဲ့ပြီးတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဖြည့်တင်းဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)