မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင် မန်းရွှေစက်တော် ပါဒခြေတော်ရာနှစ်ဆူအား လာရောက်ဖူးမြော်ကြည်ညိုနိုင်

မင်းဘူး ဖေဖော်ဝါရီ ၁၄

မန်းရွှေစက်တော်ဘုရားဟာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိကာ အနောက်ရိုးမ၏ အရှေ့ဖျား တောင်စွယ်တောင်တန်းများဖြစ်သော မကုဋတောင် (ခေါ်) သစ္စဗန္ဓတောင်ထိပ်တွင် မြတ်စွာဘုရားရှင်၏ ဝဲဘက်ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟူ၍လည်းကောင်း၊ နမ္မဒါမြစ် ယခု မန်းချောင်းဘေး ဝဲဘက်တောင်ခြေမှ ခြေတော်ရာတစ်ဆူအား အောက်စက်တော်ရာ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။

ထို့သို့ မြတ်စွာဘုရားရှင်၏ ခြေတော်ရာအစစ်များ ဖူးမြော်ကြရသည်မှာ အခါတပါး၌ တာဝတိံသာနတ်ပြည်တွင် သိကြားမင်းက နတ်သားတစ်ပါးအား အမောင်နတ်သား သင်လူ့ပြည်သို့ဆင်းပြီး လူ့ပြည်တွင် မိုးလေဝသမှန်သလား၊ ရာသီဥတုမှန်သလား၊ ဆန်ရေစပါး ပေါများရဲ့လား စုံစမ်းဖို့ လွှတ်လိုက်လေသည်။ နတ်မင်းလည်း ကျွန်းပညိုလို့ခေါ်တဲ့ရွာမှ သူကြွယ်တစ်ဦး၏ လယ်ကွက်ထဲမှ စပါးနှံတစ်ဆုပ်ကိုယူ၍ နတ်ပြည်သို့ တက်ခဲ့လေသည်။

နတ်မင်းယူဆောင်လာတဲ့ စပါးနှံ၏ ဖွံ့ဖြိုးအောင်မြင်မှုနှင့် စကားအရာတွေကြောင့် လူ့ပြည်တွင် ဥတုရာသီမှန်ပြီး စပါးဆန်ရေပေါများကြောင်း သိရသည့်အတွက် သကြားမင်းလည်း ဝမ်းသာအားရ ဖြစ်ရလေသည်။ ထိုနတ်သားဟာ လူ့ပြည်မှပြန်ပြီး မကြာခင် နတ်သက်ကြွေလေသည်။ ထိုအခါ လယ်ပိုင်ရှင်ခွင့်ပြုချက်မရဘဲ စပါးနှံများ ယူဆောင်လာသည့်အတွက် အဒိန္ဒာဒါနကံထိုက်၍ လယ်ရှင်တဲတွင် နွားအဖြစ် ဝင်စားလေတော့သည်။ နွားလေးအရွယ် ရောက်လာသော် အလွန်ခွန်အားကြီးပြီး ဆိုးသွမ်းကာ တောင်သူတွေရဲ့ လယ်ယာစိုက်ခင်းသီးနှံတွေ ဖျက်ဆီးနေတာကြောင့် ရွာသူရွာသားတွေဟာ အလွန်ဘဲ စိတ်ပျက်နေကြသည်။

တစ်နေ့မှာတော့ ရွာသားတွေဟာ နွားပိုင်ရှင်ကို ဒီရွာကနေ ထွက်သွားဖို့နဲ့ နွားကြီးကို သုတ်သင်ဖို့ တိုင်ပင် ကြတော့သည်။ နွားပိုင်ရှင်လည်း ကျွန်တော်ကတော့ ဒီရွာနေ ဘယ်ကိုမှ မသွားနိုင်ဘူး နွားကြီးကို စွန့်လွှတ်လိုက်ပြီး ကြိုက်သလို လုပ်ခိုင်းလိုက်တော့သည်။ ရွာသားတွေဟာ အလွန်ဆိုးတဲ့ နွားလားဥဿဘကြီးကို သတ်ပြီး အသားတွေကို ဝေငှ၍ စားသောက်ကြတော့သည်။ နွားကြီးလည်း သေအံ့ဆဲဆဲတွင် နောင်ဘဝလူဖြစ်ခဲ့သည်ရှိသော် သူ့ကိုသတ်သူများအား ပြန်သတ်ရပါလိုကြောင်း ဆုတောင်းရင်း သေဆုံးသွားတော့သည်။ သေလွန်ပြီးလူပြန်ဖြစ်တော့ မကုဋတောင် အနီးတစ်ဝိုက်မှာ မုဆိုးကြီးဖြစ်ပြီး နွားကြီးကိုသတ်သူများဟာ ထိုတောင်အနီးမှ တောကြီးတွင် သားသမင်များ ဖြစ်ကြတော့သည်။

မုဆိုးကြီးလည်း သားသမင်များကို သတ်ဖြတ်ပြီး ၉၉ ယောက်သော ဖောက်သည်များအား ရောင်းချကာ ပျော်မွေ့နေတော့သည်။ ထိုအချိန်တွင် သိကြားမင်းသည် မုဆိုးကြီး၏အကုသိုလ် ထူပြောနေမှုကို ကယ်တင်ဖို့ လူ့ပြည်ဆင်းပြီး မုဆိုးယောင်ဆောင်ကာ လေးချင်းပြိုင်၍ သစ္စာကတိ တောင်းဆိုတော့သည်။ လူမုဆိုးကြီးလည်း လေးချင်းပြိုင်ရာ မနိုင်သောကြောင့် သိကြားမုဆိုး တောင်းဆိုသည့်အတိုင်း သားဖိုပစ်သည့်နေ့တွင် သားမကိုမပစ်ရ သားမပစ်သည့်နေ့တွင် သားဖိုမပစ်ရ ဟူသောကတိ ပေးလိုက်ရတော့သည်။ အဲဒီကတိကို ခံယူခဲ့သည့်အတွက် သစ္စဗန္ဓမုဆိုးဟုခေါ်တွင်ခဲ့သည်။ သစ္စဗန္ဓမုဆိုးလည်း ကတိစကား အတိုင်း သားဖိုပစ်မည့်နေ့တွင် သားမများလာ၍ သားမပစ်မည့်နေ့တွင် သားဖိုများသာ လာသောကြောင့် ပေးထားသော ကတိစကားအတိုင်း မုဆိုးအလုပ်ကိုစွန့်လွှတ်ပြီး မကုဋတောင်၌ ရသေ့ပြုရာ သစ္စာစကား တည်သောကြောင့် သစ္စဗန္ဓ ရသေ့အဖြစ်ထင်ရှား လေတော့သည်။

သစ္စဗန္ဓမုဆိုး ရသေ့ဝတ်ပြီး များမကြာမီ မြတ်စွာဘုရားရှင်သည် ညီတော်အာနန္ဒာအားခေါ်၍ သုနာပရန္တတိုင်းသို့ နောက်ပါရဟန္တာ ( ၄၉၉ ) ပါးနဲ့အတူ စန္ဒကူး ကျောင်းတော်ကြီး အလှူခံရန် ကြွအလာ သိကြားမင်း၏ ညွှန်ကြားချက်အရ ဝိသကြုံနတ်သားလည်း မြတ်စွာဘုရားရှင်နှင့် ရဟန္တာများ ကောင်းကင်ခရီးဖြင့် ကြွနိုင်ရန် ရထားပျံ ( ၅၀၀ ) ကိုဖန်ဆင်းလေတော့သည်။ မြတ်စွာဘုရားရှင်လည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှ ရထားပျံ ငါးရာ ရဟန္တာ ( ၄၉၉ ) ပါးနှင့်အတူ ကြွတော်မူလာပြီး သစ္စဗန္ဓတောင်သို့ ရောက်လေသော် ပြဿဒ်ဆောင် ရထားပျံများအား ကောင်းကင်တွင် ထားတော်မူ၍ သစ္စဗန္ဓရသေ့ကြီးအား သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူတဲ့အခါ တရားထူးကို  ထိုးထွင်းသိမြင်ပြီး ဧဟိဘိက္ခူရဟန်း ဖြစ်လေ တော့သည်။

မြတ်စွာဘုရားနှင့်အတူ ရဟန္တာများ စန္ဒကူးနံ့သာ ကျောင်းတော်ကြီးကို အလှူခံရန် ဆက်လက်ကြွချီတော်မူရာ သစ္စဗန္ဓရဟန်းလည်း အလွတ်ပါလာတဲ့ ရထားပျံနဲ့ လိုက်ပါကြွချီခွင့် ရခဲ့သည်။ ဘုရားရှင်လည်း ကျောင်းတော်ကြီးကို အလှူခံတော်မူပြီး (၇) ပတ်လုံး သီတင်းသုံး၍ တရားရေအေး တိုက်ကျွေးတော်မူရာ တစ်နေ့လျှင် ၇၈၀၀၀ ကုန်သော လူပရိတ်သတ်တို့ ကျွတ်တမ်းဝင်ခဲ့သည်။ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်သို့ ပြန်လည် ကြွတော်မူရာ နမ္မဒါမြစ်ကမ်းသို့ အရောက်တွင် နမ္မဒါနဂါးမင်းက နဂါးပြည်ကိုပင့်တဲ့အတွက် နဂါးအပေါင်းအား တရားဓမ္မချီးမြှင့် ခဲ့လေသည်။ နမ္မဒါနဂါးမင်းက အစဉ်မပြတ်ကိုးကွယ်ရန် ဘုရားရှင်ကိုယ်စား ပေးသနားတော်မူပါရန် လျှောက်ထားရာ နမ္မဒါမြစ်ကမ်း၌ (၁၀၈) ကွက် စက်လက္ခဏာနှင့် ပြည့်စုံသောလက်ဝဲဘက် ခြေတော်ရာကို နင်းချ ပေးသနားတော် မူခဲ့သည်။

တစ်ဖန် သစ္စဗန္ဓတောင်သို့ ကြွတော်မူ၍ သစ္စဗန္ဓ ရဟန္တာကို “ချစ်သားသင်သည် မုဆိုးဘဝက မိစ္ဆာဝါဒီအမှုပြုခဲ့လို့ အပါယ်လမ်းကို ရောက်ခဲ့ပြီ အခုအခါမိစ္ဆာလမ်းကို စွန့်ခွာလို့ နိဗ္ဗန်လမ်းကို တည့်အောင် သာသနာပြုရစ်ခဲ့ပေတော့’’ဟု ဆုံးမဟောပြခဲ့လေသည်။ သစ္စဗန္ဓ ရဟန္တာက ပူဇော်ဆည်းကပ် ကိုးကွယ်နိုင်ရန် ကိုယ်စားတော်တစ်ခု ပေးသနားတော်မူပါဟု လျှေက်ထားသဖြင့် ကျောက်ဖျာပေါ်တွင် (၁၀၈) ကွက် စက်လက္ခဏာ ဝဲဘက်ခြေတော်ရာ တစ်ဆူကို ချထားတော်မူခဲ့သည်။ ထိုခြေတော်ရာနှစ်ဆူကို သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင် မင်ကြီးလက်ထက်မှ စတင်ကာကိုးကွယ်တော် မူခဲ့သည်။ သို့သော် သိုဟန်ဘွားမင်း လက်ထက်တွင် မြန်မာပြည် အရပ်ရပ်ရှိ ဘုရားစေတီ ပုထိုးများအား ဖျက်ဆီးခဲ့သေးသည်။ ရွှေစက်တော်ဘုရားမှာ (၁၂၇) ခုနှစ် မင်းကိုးဆက်တိုင်တိုင် တိမ်မြုပ်ပျောက်ကွယ် ခဲ့သည်။

သက္ကရာဇ် (၉၉၆)ခုနှစ် သာလွန်မင်းတရားကြီး လက်ထက်မှစတင်ကာ” တောင်ဖီလာ ဆရာတော်က ရွှေစက်တော်ဆိုတာ ပါဠိအဌကထာထဲမှာ အထင်အရှား တွေ့ရပါတယ်။ ဒါကြောင့် ရွှေစက်တော်ကိုဖူးရအောင် သွားရှာရမယ်’’ ဟု စကား ဆိုခဲ့ရာ၊ သာလွန်မင်းတရားကြီးက အခြားဆရာတော်များနှင့် တိုင်ပင်ပြီးမှ ရှာကြရန် လျှောက်ထားသည်။ ထိုဆရာတော်များမှာ အနန္တဆရာတော်၊ အရိယာလင်္ကာရဆရာတော်၊ တိလောက လင်္ကာရဆရာတော် သုံးပါးနှင့် တောင်ဖီလာ ဆရာတော်အပါအဝင် နောက်ပါ ဆရာတော် သံဃာတော် (၁၂) ပါးတို့နှင့်အတူ စက်တော်ရာ နှစ်ဆူကို အရှာထွက်ကြသည်။ ဖြူကုန်းရွာနားက မယှက်ရွာရောက်တော့ သစ်ပင်ကြီး တစ်ပင်အောက်မှာ ညအိပ်နားခို ကျိန်းစက်တော်မူကြသည်။ ညကျိန်းစက်စဉ် တောင်ဖီလာဆရာတော်မှ အိပ်မက်မြင်မက် တော်မူသည် အိပ်မက်ထဲတွင် မုဆိုးကြီးတစ်ယောက်က “အရှင်ဘုရား ဟောဒီ တောတောင်ကြီးများဟာ အင်မတန် ဘေးအန္တရာယ်များတာကြောင့် မနက်မိုးသောက် အလင်းရောက်တဲ့အခါ ခွေးနက်ကြီးတစ်ကောင် တွေ့ပါလိမ့်မယ် အဲဒီခွေးနက်ကြီးနောက် လိုက်သွားပါဘုရား’’ ဟု အိပ်မက်မက်ခဲ့သည်။ မနက်မိုးလင်းသော် တောင်ဖီလာ ဆရာတော်နှင့် ဆရာတော်သံဃာတော်များဟာ ရွှေစက်တော်ရှာရန် တောထဲဝင်ခဲ့ တော့သည်။

တောထဲရောက်သော် အိပ်မက်ထဲကအတိုင်း ခွေးနက်ကြီးကို တွေ့ကြရပြီး အဲဒီခွေးနက်ကြီး က အောက်ခြေတော်ရာ ရောက်သည်အထိ လမ်းပြခေါ်ဆောင်လာခဲ့သည်။ အောက်ခြေတော်ရာကိုတွေ့သော် ဖူးမြော်နေစဉ် ဘီလူးကြီးတစ်ကောင် ပေါ်လာပြီး “အရှင်ဘုရားတို့ တောင်ပေါ်မှာ စက်တော်ရာတစ်ဆူ ကျန်ပါသေးတယ်’’ ဟုလျှောက်ထား၍ တောင်ထိပ်သို တက်ခဲ့သော် သစ္စဗန္ဓတောင်ပေါ်တွင် ခြေတော်ရာတစ်ဆူ ထပ်မံတွေ့ရှိ ခဲ့သည်။ နမ္မဒါကမ်းဦး၌ နင်းပြတော်မူသည့် ခြေတော်ရာကို အောက်ခြေတော်ရဟူ၍ လည်းကောင်း၊ တဖန်သစ္စဗန္ဓမထေရ်၏ လျှောက်ထားတောင်ပန်မှုကြောင့် တောင်ထိပ်ရှိ ကျောက်ဖျာပေါ်တွင် ဝဲဘက်ခြေတော်ရာ တစ်ဆူကို  အထက်စက်တော်ရာဟူ၍လည်းကောင်း ယနေ့တိုင် ခြေတော်ရာနှစ်ဆူကို လူအများဖူးမြော်ခွင့် ရနေတော့သည်။

ယခုအခါ  ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူအပေါင်းဖြင့် ရှေးခေတ် မင်းအဆက်ဆက်မှစ၍ ပူဇော်ကျင်းပမြဲဖြစ်သော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ ၈၆ ရက်ကြာ  စည်ကားသိုက်မြိုက်စွာ  ကျင်းပလျက်ရှိသလို ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများလည်း စနေ၊ တနင်္ဂနွေပိတ်ရက်များ၊ အခါကြီး၊ ရက်ကြီးပိတ်ရက်များတွင် လာရောက်အနားယူ ညအိပ်တည်းခိုနိုင်ရန် တည်းကျောင်းများ သောင်ပြင်မှာ ဆောက်လုပ်ပေးထားသလို၊ ဈေးဆိုင်တန်းများတွင်လည်း ဝက်မြေဥ၊ လေးပင်ဆီးသီး၊ ပါပလာ၊ မရွေးပွ၊ ပဲပွပဲရွကြော်စသော ဒေသထွက် စားသောက်ဖွယ်ရာ ကုန်ပစ္စည်းများ၊ ချည်ဖြင့်ပြုလုပ်သော အဝတ်အထည်များ၊ တောတန်း တောင်တန်းများမှရသော သစ်ဥ၊ သစ်ဖုနှင့် ဆေးမြစ်များ၊ သနပ်ခါးတုံးများစသော ဒေသထွက် ကုန်ပစ္စည်းအမျိုးမျိုးကို ဈေးဆိုင်များတွင် ခင်းကျင်းကာ ဈေးနှုန်းချိုသာစွာ ရောင်းချလျက်ရှိသည့်အပြင် ပြည်တွင်းဖြစ်နှင့် နိုင်ငခြားဖြစ် အချိုရည်ဗူးအမျိုးမျိုးနှင့် စားသောက်စရာ မုန့်ပဲသရေစာ ဆိုင်အများအပြားရှိကြောင်းလည်း သိရသည်။

ထို့အပြင် ကလေးများအတွက် လေ့လာ၊ လည်ပတ် ကြည့်ရှုနိုင်စေရန် ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောဥယျာဉ်မှ ရွှေသမင်ခြံ၊ ကြယ်လိပ်ခြံများတွင် လေ့လာ ကြည့်ရှုခြင်း၊ မန်းချောင်းအပန်းဖြေဆင်စခန်းတွင် ဆင်များစီးပြီး၊ တောတောင်ရေမြေနှင့် ညနေဆည်းဆာမှ သဘာဝရှုခင်းအလှအပများကိုလည်း ကြည့်ရှုခံစားနိုင်ကြသည်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအတွက် ရွှေစက်တော် ဘုရားပွဲရာသီတွင် မကွေးမြသလွန်၊ စက္ကိန်းတဲစေတီတော်မြတ်ကြီး၊ ရှင်မင်းဘူး၊ သမုတ္တဂီရိမြစေတီတော်မြတ်ကြီး၊ ထေရ်ကြီးစေတီ၊ မှန်ကင်းရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်းများ၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားများသည် လမ်းကြော တစ်ဆက် တစ်စပ်တည်းဖြစ်နေသော မင်းဘူး (စကု) မြို့နယ်ရှိ သမိုင်းဝင် မန်းရွှေစက်တော် ပါဒစေတီတော်နှစ်ဆူအား စိတ်ချမ်းမြေ့ကြည်လင်စွာ လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြကြောင်း ဖိတ်ခေါ်လိုက်ရပါ တော့သည်။ ။

ဇေယျာနိုင်(ရွှေကန်မြေ)