ပခုက္ကူမြို့၊ အမှတ်(၁) မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ ဈေးရောင်းဈေးဝယ် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးလောင်မှု၊ မီးလန့်မှုများ မရှိစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယမန်နေ့နံနက် ၁၀နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊  ဈေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် ကော်မတီဝင်များ စုပေါင်း၍ မြို့မဈေးကြီးအတွင်းအပြင်ရှိ မီးသတ်ဆေးဘူးများနှင့် အရေးပေါ်မီးငြှိမ်းသတ်ပစ္စည်းများ  စနစ်တကျ ပြင်ဆင်ထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်မီးများ စနစ်တကျ ကိုင်တွယ်အသုံးပြုမှု ရှိ/မရှိ၊ ရေလှောင်ကန်များ၌ ရေများ ဖြည့်တင်းထားမှု ရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ဈေးတာဝန်ခံများနှင့် ဈေးသူဈေးသားများအား သန့်ရှင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ မီးလောင်စေသော အရာဝတ္ထုပစ္စည်းများနှင့် လောင်စာများအား ရှင်းလင်းဖယ်ရှားရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)