ကျိုက်လတ်မြို့နယ်၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် ပြည်ထောင် စုငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့်‌ ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘုံလုံချောင်း-ထိန်ကျွန်း-ဒရယ်ချို-အထက်ဆင်ကူး-အောက် ဆင်ကူး-ဖောင်ရိုးဆိပ် ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းနှင့် နတ်စဉ်ကျောင်းစု ကျေးရွာအုပ်စု၊ မဲဇလီ‌ကျေးရွာနှင့် ကျုံကလွတ်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာသို့ ဆက်သွယ်သောလမ်း မြေသားလမ်းဖောက် လုပ်ခြင်းတို့၏ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်