ချောင်းဦးမြို့နယ်၌ ယာယီနေရပ်စွန့်ခွါလာသူများအား ထောက်ပံ့ငွေကျပ် သိန်း၂၇၀ကျော် ထောက်ပံ့ပေးအပ်

ချောင်းဦး ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အနော်ရထာခန်းမ၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်၁၀နာရီ အချိန်က လတ်တလောအကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွါလာသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးသာ၊ အတွင်းရေးမှူး ရဲမှူးမြင့်သောင်းတို့မှ ယာယီနေရပ်စွန့်ခွါလာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍ ယာယီနေထိုင်ရေး၊ စားသောက်ရေး၊ လုံခြုံရေးအတွက်လိုအပ်ချက်များ မေးမြန်းကာ ဖြည့်ဆည်းပေးသည်။ ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ (၇/၂၀၂၅) (၈/၂၀၂၅) (၉/၂၀၂၅)လများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် ခြောက်သောင်းစီ ပေးအပ်ခဲ့သည်။

လတ်တလောအကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွါလာရသည့် ကံကြီးကုန်းကျေးရွာ၊ ကင်မွန်းတော်ကျေးရွာနှင့် ကံဇီးကျေးရွာမှပြည်သူများ၊ ပင်လယ်ဘူးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း အိမ်ထောင်စု ၁၁၂စု၊ ပြည်သူ ၄၅၂ ဦးအား တစ်ဦးလျင် သုံးလစာကျပ်ခြောက်သောင်းနှုန်းဖြင့် ငွေကျပ်သိန်း ၂၇၀ကျော် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)