ပခုက္ကူ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်၈နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ဘင်ခရာအဖွဲ့၊ ပန်းပွားအက၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူများက "သွေးချင်းတို့ဌာနီ မြန်မာပြည်"နှင့် ဧရာဂုဏ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက "လှပချစ်စရာ ရွှေမြန်မာ"တေးသီချင်းအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ကိုယ်စားပြု(Eleven FC)နှင့် အမှတ်(၁)ရပ်ကွက် ကိုယ်စားပြု(မြို့မဌာနေ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Eleven FC က တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲ သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးကျော်ဇေလတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်၊ ရဲမှူးနိုင်လင်းဆွေနှင့်အဖွဲ့ဝင်များက တံခွန်ဒိုင်ဆု၊ ပထမဆု၊ ဒုတိယ၊ တတိယဆုများနှင့် တစ်ဦးချင်းဆုတံဆိပ်ရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲတွင် အလွတ်တန်းအမျိုးသားဘောလုံးအားကစားအသင်း (၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ အုပ်စုပွဲစဉ်ပြိုင်ပွဲများ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တတိယဗိုလ်လုပွဲနှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်လုပွဲစဉ်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)