ရွှေသောင်ယံ ဖေဖေါ်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ရွှေသောင်ယံကမ်းခြေ လှုပ်ရှားစစ်ဗျူဟာမှူးဖလား ပိတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ( ၅ )နာရီအချိန်က ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်းများကို ဖလားနှင့်ဆုငွေများပေးအပ်ဂုဏ်ပြုခြင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဘောလုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးကစားသမားဆု၊ နောက်တန်းအကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးကစားသမားဆုစသည်ဖြင့် ဂုဏ်ပြုဆုများကိုတာဝန်ရှိသူအသီးသီးမှချီးမြှင့်ပေးရာ ပထမဆုရအသင်းကို ဖလားကြီးနှင့်ဆုငွေ (၇)သိန်းကျပ်၊ ဒုတိယဆုရအသင်းကို ဖလားအသေးနှင့် ဆုငွေ(၅)သိန်းကျပ်၊ တတိယဆုရအသင်းကို ဆုငွေ(၃)သိန်းကျပ်၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆုကိုဆုငွေ (၁)သိန်းကျပ်၊ အလယ်တန်းအကောင်းဆုံးကစားသမားဆုကို ဆုငွေ(၁)သိန်းကျပ်၊ နောက်တန်းအကောင်းဆုံးကစားသမားဆုကို ဆုငွေ(၁)သိန်းကျပ်၊ အကောင်းဆုံးဂိုးသမားဆုကို ဆုငွေ(၁)သိန်းကျပ်၊ ဂိုးသွင်းအများဆုံးဆုကို ဆုငွေ(၁)သိန်းကျပ်စသည်ဖြင့် ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ရွှေသောင်ယံနယ်မြေဒေသသည် တည်ငြိမ်အေးချမ်းသည့်နယ်မြေဒေသဖြစ်သည်နှင့်အညီ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရွှေသောင်ယံကမ်းခြေလှုပ်ရှားစစ်ဗျူဟာမှူးဖလား ဘောလုံးအားကစားပြိုင်ပွဲကြီးကို (၁၂)ရက်ကြာကျင်းပပြုလုပ်ပေးခဲ့သည့်အတွက် ရွေသောင်ယံမြို့နှင့်ကျေးရွာအုပ်စုများရှိ ဘောလုံးအသင်း(၈)သင်းမှ အားကစားသမားများ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ရွှေသောင်ယံကမ်းခြေလှုပ်ရှားစစ်ဗျူဟာမှူး၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဘောလုံးအသင်းအုပ်ချုပ်သူများ၊ ဘောလုံးပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့များ၊ ပွဲကြည့်ပရိသတ်များစုံညီစွာ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်