စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၃

၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အလံတင်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အလံတင်အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို အဆိုပါ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မိမြို့ဖများ၊ ဂုဏ်ပြုတပ်ခွဲတို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်အလံအား အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လိူင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ခွဲမှအလေးပြုကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများနှင့် ပိုစတာများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါရင်ပြင်၌ ကျင်းပပြုလုပ်သည့် WE LOVE MONYWA နှစ်ဖက်လှဆိုင်းဘုတ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က WE LOVE MONYWA နှစ်ဖက်လှဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အဆိုပါဆိုင်းဘုတ်အား လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်နှင့် မုံရွာကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးတို့က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အဆိုပါပြည်သူ့ဥယျာဉ်ရင်ပြင်၌ ခင်းကျင်းပြသရောင်းချနေသည့် မုံရွာမြို့ စက်မှုဇုန်မှ ထုတ်လုပ်သည့် လယ်ယာသုံးထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဈေးဆိုင်ခန်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်သုံးအလှဆင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ မွေးမြူရေးထုတ်ကုန်အရောင်းပြခန်းများ၊ မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များ၏ ဝန်ဆောင်မှုပြခန်းများ၊ စားသောက်ဆိုင်ခန်း စုစုပေါင်း (၂၃၀) ခန်းကျော်ဖြင့် ပြသရောင်းချနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဈေးရောင်းပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၆-ခုနှစ်၊ (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်အား မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်း၌ ဈေးဆိုင်ခန်းပေါင်း ၂၃၀ ခန်းကျော်နှင့် ကလေးကစားကွင်းများဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ပြသရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်များမှ တေးသီချင်းများဖြင့် ဧည့်ခံသီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)