ပခုက္ကူ ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက ဘင်ခရာအဖွဲ့၊ ပန်းပွားအက၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူများက "သွေးချင်းတို့ဌာနီ မြန်မာပြည်"နှင့် ဧရာဂုဏ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက "လှပချစ်စရာ ရွှေမြန်မာ"တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်ကိုယ်စားပြု(Eleven FC) နှင့် အမှတ်(၁)ရပ်ကွက်ကိုယ်စားပြု (မြို့မဌာနေ)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ Eleven FC က တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်၊ ရဲမှူး နိုင်လင်းဆွေနှင့် အဖွဲ့ဝင်များက တံခွန်ဒိုင်ဆု၊ ပထမဆု၊ ဒုတိယ၊ တတိယဆုများနှင့် တစ်ဦးချင်းဆုတံဆိပ်ရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲတွင် အလွတ်တန်းအမျိုးသားဘောလုံးအားကစားအသင်း (၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ အုပ်စုပွဲစဉ်ပြိုင်ပွဲများ၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် တတိယဗိုလ်လုပွဲနှင့် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ဗိုလ်လုပွဲစဉ်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)