ဂန့်ဂေါ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံတစ်ရပ်အနေဖြင့် ဂန့်ဂေါခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ဂန့်ဂေါခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်/မြို့နယ်စီမံကိန်းရုံး၊ ခရိုင်/မြို့နယ်ဥပဒေရုံး၊ တရားရုံး၊ စာရင်းစစ်ဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြေစာရင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများသို့သွားရောက်၍ ရုံးဌာနအဆောက်အဦများတွင် အသုံးပြုနေသည့် လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုအခြေအနေများနှင့် လိုအပ်ပါက အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊ လျှပ်စစ်ဖြင့်အသုံးပြုသည့်ပစ္စည်းများကို မီးလောင်မှုမဖြစ်ပွားစေရေး စနစ်တကျကိုင်တွယ်အသုံးပြုရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ထားရှိရန်လိုအပ်သော မီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ မီးသတ်လှေကားနှင့် မီးသတ်ဆေးဗူးများ ပြည့်စုံစွာထားရှိကြရေးများကို ကြည့်ရှုစစ်ဆေးကာ ဆီမီးလောင်မှုနှင့် ဂက်စ်အိုးမီးလောင်မှုများအား မီးသတ်ဆေးဘူး/ရေစိုအဝတ်တို့ဖြင့် မီးငြိမ်းသတ်မှုများကို သရုပ်ပြ၍ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အလားတူစစ်ဆေးရန်ကျန်ရှိသည့် ဌာနဆိုင်ရာများကိုလည်း ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မျိုးမင်း