ကန့်ဘလူ ဖေဖော်ဝါရီ ၁၃
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စုပေါင်းရုံး အလံတိုင်ကွင်း၌ ယမန်နေ့နံနက် ၅ နာရီခွဲက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်အလေးပြုကြသည်။
နံနက် ၆ နာရီတွင် ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သောသဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်ကဖတ်ကြားသည်။ ယင်းနောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမဆုရ မြို့မ(၁)အသင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်ကလည်းကောင်း၊ ဒုတိယဆုရ ခရိုင်ထွေ/အုပ်အသင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းကျော်ကလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)