နတ်မောက်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ယမန်နေ့နံနက် ၇ နာရီ အချိန်က နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့က အလံတိုင်ထိပ်သို့လွှင်တင်ပြီး နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့်ကျောင်းသား/သူ များကဦးညွှတ်အလေးပြုခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သော၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက ဖတ်ကြားခဲ့သည်။ ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ပုံပြင်နှင့်စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကျောင်းသား/သူ များအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင်တက် ရောက်လာကြသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြ ကြောင်းသိရသည်။

လှဝင်း

မြို့နယ် (ပြန်/ဆက်)