မအူပင် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားအား ယမန်နေ့နံနက် (၇) နာရီတွင် အမှတ် (၅) ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြု၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်ကဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)