အင်္ဂပူမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

အင်္ဂပူ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ လွတ်လပ်ရေး‌ကျောက်တိုင်းကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့ဦး‌ဆောင်ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌထံ တန်းအပ်ခြင်းနှင့် နိုင်ငံတော်အလံအားအလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်‌အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသိရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဖတ်ကြားခဲ့သည်။ ထို့နောက်ပြည်‌ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ဆောင်းပါး၊စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသော ဆရာ၊ ဆရာမများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်၊ မနောမြေမှ တေးသံသာစသည့် သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၉)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)