လပွတ္တာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

လပွတ္တာ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၃)ရက်ကွက် စိန်ရတုလမ်း နေသူရိန်အားကစားကွင်းအတွင်း၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇) နာရီအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့နှင့် အ.ထ.က(၁)ဘင်ခရာအဖွဲ့မှဦးဆောင်၍နေရာယူခြင်း၊ တိုင်းရင်းသားများခြံရံ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား စင်မြင့်ထက်တွင်စိုက်ထူခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့မှဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်‌မော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့နှင့်ဘင်ခရာအဖွဲ့မှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌအား အလေးပြု၍ ထွက်ခွာပြီး အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူလေးများက "ပြည်ထောင်စုအလံဒို့ကြိုမည်" သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် တိုင်းအဆင့်နှင့်မြို့နယ်အဆင့်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ  (၁၉)ဦးနှင့် တိုင်းအဆင့်ဂေါက်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)