ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာတွင် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ ကျင်းပနိုင်ရန်အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာသို့သွားရောက်၍ (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပမည့် ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာကွင်းသို့သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေကြာစံပြစိုက်ခင်း(၇)ဧကတွင် အိန္ဒိယနေကြာမျိုး (Suryakiran) စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သီးပင်စားပင်များ အချိန်မီသီးပွင့်စေရေး၊ သစ်ပင်ပန်းမာန်များ စိမ်းလမ်းစိုပြေနေစေရေးနှင့် အချိန်မီဖူးပွင့်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေးအပြင် တောင်သူလယ်သမားနေ့အထိမ်းအမှတ် လမ်းညွှန်ဆိုင်းဘုတ်များအား ပြည်သူများအလွယ်တကူ မြင်တွေ့စေနိုင်ရေး စနစ်တကျ တပ်ဆင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ တောင်သူဒေါ်ရင်လှ၏ စိုက်ဧက (၂၀) ဧကတွင်စိုက်ပျိုးထားသည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းနေကြာ (စံပြစိုက်ခင်း)Super Sun-41 နေကြာမျိုးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး နေကြာစိုက်ခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ် ဆောင်ရွက်ကြရန်၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ကြရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)