မကွေး ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ခင်းကျင်းပြသပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက မကွေးမြို့ခရိုင်အားကစားကွင်း၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီအားဖြည့်ပေးသော ဘင်ခရာ၊ ပန်းပွား အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသည့် ဧည်သည်တော်များက ဝန်ကြီးဌာနအလိုက်ခင်းကျင်းပြသထားသည့် ပြည်သူ့အကျိုးပြု ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုပြခန်းများတွင်မကွေးတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများပါဝင်သည့် ပြခန်းများ၊ သစ်သီးဝလံပန်းမန်ပြခန်းများ၊ဒေသထွက်စားသောက်ကုန်များနှင့်လက်မှုအနုပညာပြခန်းများ၊ ဝန်ကြီးဌာနအသီးသီးမှ မိမိတို့ဌာနအလိုက်လုပ်ငန်းများဆောင်ရွက်ထားရှိမှုများ အားခင်းကျင်းပြသထားသည့် ပြခန်းများစုစုပေါင်း (၃၉) ခန်းဖြင့်ဖေဖော်ဝါရီ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ဖွင့်လှစ်ပြသသွား မည်ဖြစ်ပြီးတိုင်းဒေသကြီးအတွင်းရှိပြည်သူများစိတ်ကြည်နူးမှုရရှိစေရန်သီချင်းသီဆိုပြိုင်ပွဲများ၊ ပြည်သူအချစ်တော်အနုပညာရှင်များပါဝင်သည့် ဂီတဖျော်ဖြေရေး အစီအစဉ်များဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)