ဟင်္သာတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပ

ဟင်္သာတ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့ ဦး‌ဆောင်ပြီး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်‌အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသိရိသုဓမ္မ  မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ဟင်္သာတခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဇော်မျိုးဝင်းက ဖတ်ကြားခဲ့သည်။ ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလေးများက “ဒုံးယိမ်းည”သီချင်းဖြင့် လည်းကောင်း၊ “အဖြူရောင်သံစဉ်” သီချင်းဖြင့်လည်းကောင်း၊ “ထာဝရမြန်မာ”သီချင်းဖြင့် လည်းကောင်း ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလီဘောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာ ဆုရရှိသူများအား  အတွင်းရေးမှူး ဒုရဲမှူးကြီး ဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုရဲမှူးကြီးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ ကျောင်းသား/သူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)