မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  မကွေးမြို (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားပွဲနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပြပွဲ၊ ပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၁၂

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား/ ကျောင်းသူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊  ကြက်ခြေနီ၊ မီးသတ်နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ၏ အလေးပြုခြင်းကို ခံယူကာ အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲမှ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကာ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးခရိုင်အားကစားကွင်းတွင် ခင်းကျင်းပြသထားသည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုပြခန်းများဖြစ်သည့် တိုင်းရင်းသားပြည်သူများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြခန်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် လက်မှုအနုပညာပြခန်းများအား ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာနေမှုကို ကြည့်ရှုအားပေးပြီး၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်သစ်သီးဝလံ ပန်းမန်ပြပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ စာစီစာကုန်း/ပန်းချီ/ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)