မင်းဘူး ဖေဖော်ဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးတွင် ယခုနှစ်ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
“မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်ကနေစပြီး အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ဘုရားဖူးလာရောက် ကြသူတွေ ညအိပ်တည်းခိုနားနေနိုင်စေဖို့ တည်းခိုဆောင်နဲ့ ဈေးဆိုင်ခန်းတွေကို သောင်ပြင်မှာ ဆောက်လုပ်ပေးထားပါတယ်။ ဘုရားဖူးတွေအနေနဲ့က စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက် တွေမှာ လာရောက်လည်ပတ်သူတွေ ပိုများတာတွေ့ရပါတယ်။ ရပ်ဝေး၊ ရပ်နီးက ဘုရားဖူးရဟန်းရှင်လူမိဘပြည်သူတွေကို တည်းခိုဆောင်တွေအပြင် ဘုရားပရိဝုဏ်အတွင်းက ဓမ္မာရုံတွေမှာလည်း ညအိပ်တည်းခိုရင်း စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးမြော်နိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဘုရားပွဲတော်ကြီး စတင်ဖွင့်လှစ်တဲ့နေ့ကစလို့ ဒီကနေ့ထိ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေက ကိုယ်ပိုင်ယာဉ်တွေ၊ ဘုရားယာဉ်တွေနဲ့ လာရောက်လျက်ရှိပြီး ယခင်နှစ်ကထက်စာရင် ဘုရားပွဲတော်လာ ပရိတ်သတ်တွေ ပိုမိုများပြားစည်ကားလျရှိပါတယ်” ဟု မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးအေးကိုက ပြောကြားသည်။
မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှားကျော်ကြားပြီး ရက်အရှည်ကြာဆုံးကျင်းပသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်များအပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၈၆) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ပွဲတော်ကျင်းပစဉ်ကာလ ဘုရားဖူးများဖြင့် အထူးစည်ကားနေကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)