အထက်မင်းလှ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဝင်းမောင်က မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အဖြစ် ကလေးငယ်များအား ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ နှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပခဲ့သည်။ ဆက်လက်ပြီး မိဘအုပ်ထိန်းသူများက ကလေးငယ်များအတွက် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဝင်းမောင်၊ မင်းလှမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိဖြိုးမွန်နှင့် ဆရာမများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)