မကွေး ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ မကွေးတိုင်း ဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင် အတွင်းရှိ တရားသူကြီး(၃၁)ဦးမှ Inperson တက်ရောက်ကြပြီး၊ Online ဖြင့် ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ချောက်ခရိုင်၊ ဂန့်ဂေါခရိုင်အတွင်းရှိ တရားသူကြီး(၄၇)ဦး စုစုပေါင်း (၇၈)ဦး တက်ရောက်ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က အမှာစကားပြောကြားရာတွင် (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းဝေး၌ ပြည်ထောင်စုတရားသူကြီး ချုပ်ကလမ်းညွှန်မှာကြားခဲ့သည့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိရေး၊ ပါတီနိုင်ငံရေးကင်းရှင်းကြရေး၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်မြင့်မားရန် ဆောင်ရွက်ကြရေး၊ အမှုများကို ကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ဆောင်ရွက်ကြရေး၊ တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲရေး လုပ်ငန်းများဆောင်ရွက်ကြရာမှာ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ စတုတ္ထနှစ်လုပ်ငန်းအစီအစဉ် (၂ဝ၂၆)အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကို မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ခင်နှင်းထွဋ်နှင့် ဦးထွန်းထွန်းအောင်တို့က ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က မှာကြားသည့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်မာလာက ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်တရားသူကြီးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)