မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး) အပါတ်စဉ်(၃၁) ပထမနှစ် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး) အပတ်စဉ်(၃၁)ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး) မြတ်ပညာခန်းမ၌ကျင်းပရာ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)မှ ကျောင်းသား/ကျောင်းသူလေးများက “ မြတခက်” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းကို ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊ သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းကို သင်ကြားပို့ချပေးခဲ့ရာ ယခုဆိုရင် သင်တန်းအပတ်စဉ်(၃၁)သို့ ရောက်ရှိပြီလို့ နိုင်ငံတော်ရဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ထပ်မံမွေးထုတ်ရန်အတွက် ယခု ၂၀၂၆ ပညာသင်နှစ်မှာ သူနာပြုနှင့် သားဖွား သစ်လွင်သူနာပြုသင်တန်းသား/သင်တန်းသူ(၉၉)ဦးကို ထပ်မံ၍ သူနာပြုစုမှုနှင့် သားဖွားခြင်း အတတ်ပညာများကို သင်ကြားပို့ချပေးမှာဖြစ်ပါကြောင်း၊ ယခုလိုသင်တန်းတက်ရောက်ခွင့် ရရှိခဲ့ကြတဲ့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာလည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပြည်သူအားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာမှာ ကျန်းမာရေး/ သူနာပြုများရဲ့အခန်းကဏ္ဍဟာ အလွန်ပင်အရေးကြီးသည့်အတွက် ပြည်သူ့အကျိုးပြု သူနာပြုကောင်းများဖြစ်အောင် ယခုအချိန်ကစပြီး စာတွေ့လက်တွေ့ကို စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနေဖို့လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းသား/သူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် လိုအပ်ချက်တွေကိုလည်း အခါအခွင်သင့်တိုင်း ပံ့ပိုးကူညီပေးလျက်ရှိပါကြောင်း၊ သစ်လွင်သင်တန်းသား/သင်တန်းသူများအနေဖြင့် ဘာသာရပ်တိုင်းကို စာတွေ့လက်တွေ့လေ့လာ၍ ကျွမ်းကျင်သော သူနာပြုကောင်းများဖြစ်စေရန် ကြိုးစားဖို့တိုက်တွန်းလိုကြောင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနေတဲ့ အရည်အသွေး၊ အဆင့်အတန်း ပြောင်းလဲတိုးတက်လာဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအချင်းချင်း အပြန်အလှန်လေးစားစွာ အတူပူးပေါင်းဆောင်ရွက်ကြပြီး လူတိုင်းလက်လှမ်းမှီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ဒေါက်တာခင်မာမြင့်က သစ်လွင်မောင်မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ သူနာပြုနှင့် သားဖွားသင်တန်း‌ကျောင်း အပါတ်စဉ်(၃၁) ပထမနှစ်သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပထမနှစ်သူနာပြု- သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများက လက်ခတ်သံသီချင်း၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်စသည့် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)