ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ပခုက္ကူ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်လှဌေးမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဆင်းအောင်လက်မှတ်များ၊ ဦးစီးမှူး ဒေါ်စုမြတ်ငြိမ်းက သင်တန်းထွက်ကုန်ချောအထည်များ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် မြို့နယ်သမဝါယမဦးစီးမှူး ဦးမြင့်လွင်တို့က ရက်ကန်းပညာရပ်များဖြင့် ကိုယ်ပိုင်လုပ်ငန်း အမှန်တကယ်ထူထောင်လုပ်ကိုင်မည့် ထူးချွန်သင်တန်းသူနှစ်ဦးအား အပ်ချုပ်စက် (၁)လုံးစီတို့ကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အခြေခံစက်ချုပ်နည်းပညာသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင် ဒီဇိုင်းရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးများ ချုပ်နည်းများ၊ စက်နင်းလေ့ကျင့်ခြင်း၊ အမျိုးသမီးဝတ်မြန်မာအင်္ကျီများ၊ ရင်ဖုံးနှင့် ရင်စေ့ လက်ဆက်ချုပ်နည်းများ၊ သင်္ဘောသားနှင့် ကလေးအင်္ကျီချုပ်နည်းများ၊ ဘောင်းဘီချုပ်နည်း၊ ဟာဝေယံရှပ်အင်္ကျီချုပ်နည်း၊ စကပ်၊ သုံးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်းများ စသည့်ဘာသာရပ်များကို  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၁၀ ရက်အထိ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းစီဖြင့် စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)