မ‌ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) (၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အကြို‌လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၁၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညတက္ကသိုလ်(မကွေး)၏(၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြို‌လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ နည်းပညာတက္ကသိုလ်(မကွေး)စီမံခန့်ခွဲ့ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က မောင်မယ်တို့အနေဖြင့် ရည်မှန်းချက်ကို မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများ အရင်းတည်ပြီး တစ်နှစ်ပြီး တစ်နှစ် အဆင့်ဆင့် ကြိုးစားအားထုတ်ခဲ့ကြ၍ ယခုလို အင်ဂျင်နီယာဘွဲ့များကို ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်သည့်အတွက် ဘဝ၏ပျော်ရွှင်စရာ နေ့တစ်နေ့အဖြစ် ဝမ်းမြောက်ကြည်နူးရသကဲ့သို့ မောင်မယ်တို့၏ မိဘဆွေမျိုးများသာမက အမိတက္ကသိုလ်ကြီးကလည်း ဝမ်းသာဂုဏ်ယူစရာနေ့တစ်နေ့ကို ဆောင်ကြဉ်းပေးကြသည့် မောင်မယ်တို့ကို ထပ်တူဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါကြောင်း၊ အင်ဂျင်နီယာပညာရပ်များသည် မောင်မယ်တို့၏ လူမှုပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးအတွက်ပါ အရေးပါသည့် အသုံးချပညာရပ်များဖြစ်ကြ၍ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် လေ့ကျင့်ရေးလုပ်ငန်းခွင်များတွင် သင်ယူလေ့ကျင့်ဆည်းပူးခဲ့သည့် ပညာရပ်များကို ရပ်တန့်မနေဘဲ မိမိတာဝန်ကျရာ လုပ်ငန်းခွင်များမှာ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာ၍ လက်တွေ့ကျကျ ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ပြောလိုကြောင်း၊ မောင်မယ်အပေါင်းတို့ တက္ကသိုလ်ပညာဆည်းပူးစဉ်ကာလတွင် မောင်မယ်တို့၏ စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် စီမံကိန်းချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်မှုဖြင့် တက္ကသိုလ်၏ စီမံအုပ်ချုပ်မှု ခိုင်ခံ့အားကောင်းရန် နိုင်ငံတကာ အရည်အသွေး၊ စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးရင်း ၂၀၁၈ ခုနှစ်မှာ ချီးမြှင့်သည့် နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးစီမံခန့်ခွဲမှုစနစ် (ISO 9001: 2015) အသိအမှတ်ပြုလက်မှတ်ကို ရယူနိုင်ခဲ့ပြီ တက္ကသိုလ်က ဒီစနစ်ကို ဆက်လက်ကျင့်သုံး အကောင်အထည်ဖော်ဆဲဖြစ်ကြောင်း၊ ယခုဆိုလျှင် တက္ကသိုလ်၏ အင်ဂျင်နီယာသင်တန်းအစီအစဉ်များကို အရည်အသွေးအာမခံမှု(Quality Assurance)ရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ လူအများနှင့် လုပ်ကိုင်ဆောင်ရွက်ကြသည့် အင်ဂျင်နီယာအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ အဓိကကျ အရေးကြီးသည့် ကိစ္စရပ်မှာ စည်းကမ်းနှင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတခုဖြစ်ရန် စည်းကမ်းကောင်းမွန်သည့် လူ့အဖွဲ့အစည်းတွေ ရှိရန်လိုသည့်အတွက် တစ်ဦးချင်း စည်းကမ်းမှသည် တစ်ဖွဲ့၊ တစ်ရပ်၊ တစ်မြို့၊ တစ်နယ်၊ တစ်နိုင်ငံလုံးထိ ကောင်းမွန်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း၊ ဘွဲ့ရမောင်၊ မယ်များသည် အမိတက္ကသိုလ်ဖြစ်သည့် နည်းပညာတက္ကသိုလ်(မကွေး) ကျောင်းဆင်းများပီပီ အင်ဂျင်နီယာကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာရင်း ရပ်ရွာစည်းကမ်း၊ အလုပ်ခွင်စည်းကမ်းများကို စံပြဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန်လည်း မှာကြားလိုကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ဦးတည်ရင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဘက်စုံခေတ်မီဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးက အားကြိုးမာန်တက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေချိန်မှာ ဘွဲ့ယူမောင်မယ်များအနေဖြင့် မိမိတက်မြောက်ထားသည့် အင်ဂျင်နီယာပညာရပ်များကို အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးရေးကဏ္ဍများမှာ ကျရာနေရာ ပေးအပ်ရာ တာဝန်များကို စွမ်းအားရှိသမျှ ကြိုးစားပါဝင်ပေးကြရန်နှင့် နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာလည်း ဝိုင်းဝန်းကူညီဆောင်ရွက်သွားနိုင်ရန် အလေးအနက်မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘွဲ့ယူမောင်မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားကြောင်းနှင့် နည်းပညာတက္ကသိုလ်(မကွေး) (၂၀) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ် (၂၀၂) ဦးအား အင်ဂျင်နီယာဘွဲ့ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ