မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆေးတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်လွင်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဆေးတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများက “ရွှေသုန္ဒရီ” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အနာဂတ်၏ ဆေးပညာရှင်မျိုးဆက်သစ်များကို ခန်းမကြီးထဲတွင် စုစုစည်းစည်း တက်တက်ကြွကြွဖြင့် တွေ့မြင်ရသည့်အတွက် အထူးဝမ်းသာပီတိဖြစ်မိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသော ပြည်ထောင်စုနိုင်ငံကို တည်ထောင်ရာ၌ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာပြည့်စုံရန် လိုအပ်သည်သာမက မိသားစုအသိုက်အမြုံကို ထိန်းသိမ်းမြှင့်တင်ပေးမည့်သူများ နိုင်ငံတော်၏ အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်း တာဝန်ယူကြမည့်သူများ၊ အထူးသဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးကြမည့်သူများသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အရည်အသွေးတိုးတက်ကောင်းမွန်အောင် ပျိုးထောင်ပေးနိုင်မှသာ ပြည်သူလူထုမိသားစုနှင့် နိုင်ငံတော်၏အနာဂတ် လင်းလက်တောက်ပလာမည်ဖြစ်ပါကြောင်း၊ ယခုဆေးတက္ကသိုလ်သို့ တက်ရောက်နေသောသူများအနေဖြင့် ယခုအချိန်တွင် အမျိုးသားပညာရေးအရ ဆေးပညာကို လေ့လာဆည်းပူးသင်ယူကြပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးကဏ္ဍကို တစ်ထောင့်တစ်နေရာမှ တာဝန်ယူဆောင်ရွက်ကြမည့် ဆရာဝန်လောင်းလျာများပင်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်ကြသည့်နေရာတွင် အရည်အချင်းပြည့်ဝသည့် ဆရာဝန်ကောင်းများဖြစ်စေရန် ယခုအချိန်မှစ၍ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ဖွံ့ဖြိုးတိုးတက်ပြည့်စုံသူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ တိုးတက်ပြောင်းလဲယဉ်ကျေးသော လူ့အဖွဲ့အစည်းများကလည်း ယနေ့ခေတ် လူငယ်များကို လက်တွဲခေါ်ကာ မြေတောင်မြှောက်ပေးလျက်ရှိပြီး စည်းစနစ်ကျသော လူ့အဖွဲ့အစည်းအဖြစ်တိုးတက်စေရန် ရှေ့ဆောင်လမ်းပြဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ ၃၃.၈၁ ရာခိုင်နှုန်းသည် လူငယ်ထုဖြစ်၍ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်နိုင်မှသာလျှင် နိုင်ငံအတွက် အဆင့်မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ဆေးတက္ကသိုလ်(မကွေး)တွင် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားမှသည် တစ်နှစ်ထက်တစ်နှစ် အတန်းသစ်များတက်ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားတိုင်အောင်ရောက်ရှိကာ နိုင်ငံတော်နှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုသည့် ဆရာဝန်တော်၊ ဆရာဝန်ကောင်းများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ဒေါက်တာခင်မာမြင့်က မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ ဆေးတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူများက “စကားဝါမြေ၊ နှုတ်မဆက်ချင်ဘူး၊ သင်္ကြန်အကနှင့် ပြည်ထောင်စုရဲ့ ထာဝရအလှ”စသည့် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ