ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်း ဆောင်ရွက်

ဆိပ်ဖြူ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး၌ ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအဆောက်အဦးများနှင့် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့် အခက်အခဲများကင်းဝေနိုင်စေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းနှင့် စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပတ္တမြာဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးအေးမင်းမောင်က မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးကငြှိမ်းသတ်နည်းများကို ရှင်းလင်းပြသပေးပြီး အရေးပေါ်မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး မီးသတ်ယာဉ်နှင့် အထောက်အကူပြု ရေသယ်ယာဉ်တို့ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး မီးဘေးလုံခြုံရေးအတွက် မီးသတ်ရေကန်၊ အရေးပေါ်မီးငြှိမ်းသတ်ရေး စက်ပစ္စည်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမင်းစည်သူက ပတ္တမြားဈေးနှင့် ဈေးဆိုင်များတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်