ချောက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများနှင့် မီးငြှိမ်းသတ်လက်တွေ့ သရုပ်ပြသခြင်းကို မြို့နယ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဒေါ်မြတ်မြတ်သင်းနှင့် အဖွဲ့ဝင်များ၊ စျေးတာဝန်ခံ ဦးရဲကြည်ဆွေနှင့် စျေးကော်မတီဝင်များ၊ စျေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့မဈေးကြီးရှေ့၌ DCP (Dry Chemical Powder) မီးသတ်ဆေးဘူးအသုံးပြု၍ ဆီမီးလောင်မှုအား ဈေးသူဈေးသားများကို လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခြင်း၊ မြို့မစျေးအတွင်း ရေဂါလံ(၂၇၀၀)ဆံ မြေအောက်ရေကန် (၂)ကန်နှင့် ဆက်သွယ်တပ်ဆင်ထားသည့် ရေပိုက်များအား မီးသတ်စက်များဖြင့် ရေစုပ်ပက်ဖြန်း စမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးလောင်လွယ်ကူသည့် အမှိုက်သရိုက်နှင့် မိုးကာအစုတ်အပြဲများအား ရှင်းလင်းဖယ်ရှားခြင်း၊ လျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းများ ဟောင်းနွမ်းဆွေးမြေ့မှုမရှိ စေရေးစစ်ဆေးခြင်း၊ ဈေးသိမ်း/ဈေးပိတ်ချိန်များတွင် လျှပ်စစ်မိန်းချထားရေး၊ မလိုအပ်သည့် စွန့်ပစ်ပစ္စည်းများ သိုလှောင်ထားမှုမရှိစေရေး၊ ရောင်းချကုန်ပစ္စည်းများသာ ထားရှိရေး စစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)