ဟင်္သာတမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံ့တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေး ဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံ့တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က ကာကွယ်ဆေးထိုးနှံ့ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုး တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် မှတ်တမ်းဗီဒီယိုအား ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်၊ ခရိုင်မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ၊ ကျန်းမာ‌ရေးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟင်္သာတ (ပြန်/ဆက်)