ကန့်ဘလူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၈ ရက်နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားပြီး မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်များ၊ ကလေးအလုပ်သမား၏အဓိပ္ပါယ်နှင့် အသက်အရွယ်ကန့်သတ်ချက်၊ အသက် ၁၄ နှစ် မပြည့်သေးသည့် မည်သည့်ကလေးကိုမှ အလုပ်လုပ်ခွင့်မပြုရ၊ အသက် ၁၄ နှစ်ပြည့်ပြီး ဆရာဝန်၏ခွင့်ပြု/ထောက်ခံချက်ဖြင့် အလုပ်စေခိုင်းပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောသည်။

ထို့နောက်ဆရာမောင်ပေါ်ထွန်းရေးသားသည့် စိတ်ကိုမြှင့်တင်ပေးပါ စာအုပ်ဖြင့် ကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြငထါးသည့် သုတရသ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာကြသည်။ အဆိုပါအခမ်းအနားသို့ အ.ထ.က(၁)မှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း