ဂန့်ဂေါ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် ယနေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့မဈေးလမ်းထောင့်ရှိ လမ်းဆုံနေရာတို့တွင် ဈေးရောင်း/ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ ဖြန့်ဝေသည့် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးလက်ကမ်းစာစောင်တွင် ရာဇဝတ်ပြစ်မှုများသည် လူမှုဘဝလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေပြီး တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေနိုင်သည့်အတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် လူသတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လူသတ်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ကျူးလွန်ပါက ချမှတ်နိုင်သည့်ပြစ်ဒဏ်များ၊ လောင်းကစားခြင်းများပြုပါကဖြစ်ပွားနိုင်သည့် ဆိုးကျိုးများနှင့် လောင်းကစားမှုကျူးလွန်ပါက ချမှတ်နိုင်သည့်ပြစ်ဒဏ်များ၊ မုဒိမ်းမှုကျူးလွန်ခံရနိုင်သည့်အချက်များ၊ မုဒိမ်းမှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ကျူးလွန်ပါက ချမှတ်နိုင်သည့်ပြစ်ဒဏ်များ၊ လူကုန်ကူးမှုခံရနိုင်သည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ အကြံပြုချက်များ၊ ခိုးမှု/လုယက်မှုများမဖြစ်စေရေးအတွက် လိုက်နာရမည့်ချက်များ၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့်အဖွဲ့များ၊ အကြမ်းဖက်မှုဆိုင်ရာပြစ်မှုများ အပြုလုပ်မိအောင် သတိပြုရှောင်ကြဉ်ရမည့်အချက်များနှင့် အကြမ်းဖက်မှုကျူးလွန်ပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များပါရှိပြီး ပြည်သူများအနေဖြင့် သတင်းပေးရန်နှင့် အကူအညီလိုအပ်ပါက တောင်းခံနိုင်သည့် ဖုန်းနံပါတ်များပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင်ကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း