မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

မင်းဘူး ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် NO.1 ကိုယ်ပိုင် အထက်တန်းကျောင်း(စကု)မှ ဦးဆောင်ကျင်းပသည့် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာကြီး ဦးအောင်ပြည့်ဖြိုးက ကျောင်းစတင်တည်ထောင် ဖွင့်လှစ်ခဲ့သည့် နှစ်မှစ၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် ကျောင်းသားလူငယ်များအား နှစ်စဉ် ပြုစုပျိုးထောင် မွေးထုတ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး စကုမြို့ NO.1 ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက No.1 တို့ကျောင်းအောင်မြေ၊ ပြည်ထောင်စုအင်အား၊ အလှကမ္ဘာမြေ၊ စကားဝါမြေ၊ လက်ခတ်သံ၊ ဘွန္တော၊ လက်ပံပွင့်ကောက်၊ ရွှင်လမ်းကာစိတ်ချမ်းသာကြစေ၊ မဟာဆန်သူ၊ အဖြူရောင် သံစဉ်၊ ဗိုလ်အောင်ဒင်၊ ပန်းကလေးများ၏ ဥယျာဉ်မှူး၊ ပန်းဥယျာဉ်ဝယ် ဆိုကြကကြမယ်၊ ရုန်းတော် လွှတ်တော်၊ ဆယ်ခြောက်နှစ်မ၊ မှုံရွှေရည် စသည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပညာရေး စုံညီပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့သည်။

ထို့နောက် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းမှ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း လူရည်ချွန် မောင်မယ်များ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူနှင့် တိုင်းဒေသကြီးအဆင့် ဝိဇ္ဇာဘာသာတွဲတွင် ဒုတိယအမှတ်အများဆုံး ရရှိသူများ၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ၊ ဘင်ခရာပြိုင်ပွဲ၊ ကင်းထောက်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် စာပေထူးချွန်နှင့် ဘက်စုံဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိခဲ့သူများ၊ ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ် Grade(10 - 11 - 12) အတန်းများ အလိုက် စာပေထူးချွန်ဆုရရှိသူများနှင့် ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပြသပေးခဲ့သော သင်ကြားရေး ထူးချွန်ဆုရ ဆရာ၊ ဆရာမများအားလုံးကို ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြေင်း သိရသည်။

မောင်မောင်(မင်းဘူး)