တောင်တွင်းကြီး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (မိုးထိ) တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအား မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသန့်ဇင်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအတွင်းရေးမှူး ဦးလှသောင်း၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်သန်းဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထိုနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ်မှ ပန်းချီပညာရှင်များနှင့် ကျောင်းသား/ကျောင်းသူများ၏ ပန်းချီလက်ရာပြခန်း၊ အိမ်တွင်းမှုပြခန်း၊ သင်ထောက်ကူပြခန်း၊ ကျောင်းစာကြည့်တိုက်နှင့် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘဲရုပ်စွပ်ပြိုင်ပွဲနှင့် ခါးလှည့်ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်မဆောင်ခန်းမတွင် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တောင်တွင်းကြီးမြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီ/ပိုစတာပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)