ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းနိုင်က ဘောလုံးအားကစား ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ရပ် ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကြသည်။

ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာအဖွဲ့၊ ပန်းပွားအကများဖြင့်  အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး အုပ်စုပထမပွဲစဉ်အဖြစ် အမှတ်(၆)ရပ်ကွက်အသင်းနှင့် Brother FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Brother FC အသင်းက (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသည်။

အဆိုပါပြိုင်ပွဲတွင် အလွတ်တန်းအမျိုးသားဘောလုံးအားကစားအသင်း (၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ အုပ်စုပွဲစဉ်ပြိုင်ပွဲများ၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တတိယဗိုလ်လုပွဲနှင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်လုပွဲစဉ်များ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)