မကွေးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နှီးခြင်းရက်လုပ်နည်း ရက်တိုသင်တန်းအခမဲ့ ဖွင့်လှစ်

မကွေး ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမ၌ ခြင်းရက်လုပ်နည်း(အခမဲ့) ရက်တိုသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က ပလတ်စတစ်ခြင်းရက်လုပ်နည်းသည် အလွန်လွယ်ကူပါကြောင်း၊ ခြင်းသည် မည်သည့်ပစ္စည်းမျိုးကိုမဆို ထည့်နိုင်သည့်အပြင် ခရီးးသွားလာသည့်အခါ ပစ္စည်းများကိုထည့်၍ အလွယ်တကူသယ်ဆောင်နိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ခြင်းရက်လုပ်နည်းကို လက်တွေ့သင်ကြားပေးသည်။

ခြင်းရက်လုပ်ရန်အတွက် ကုန်ကြမ်းကို ကီလိုဖြင့်ဝယ်ယူရကြောင်း၊ တစ်ကီလိုလျှင် ငွေကျပ်(၄,၅၀၀) ပေးဝယ်ရကြောင်း၊ မိမိကြိုက်နှစ်သက်သည့် ကာလာများဝယ်ယူပြီး ရက်လုပ်နိုင်ပါကြောင်း၊ ခြင်းများဖြင့် မုန့်ထည့်ခြင်း၊ သစ်သီးထည့်ခြင်း၊ မီးဖိုချောင်သုံးပစ္စည်းထည့်နိုင်သောခြင်းများပြုလုပ်နိုင်ပါကြောင်း တစ်နေ့လျှင်ခြင်းကြီး(၅)လုံး သို့မဟုတ် ခြင်းသေး(၇)လုံးပြီးပါကြောင်း၊ အားလပ်သည့်အချိန်များတွင် တစ်နိုင်တစ်ပိုင်ခြင်းရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေတိုးစေပါကြောင်းနှင့် အဆိုပါသင်တန်းကို အ.ထ.က(ခွဲ) ကန်သာမှ ကျောင်းသူ (၄၀)ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)