မချမ်းဘောမြို့၌ ရွေးကောက်ပွဲနှိုးဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မချမ်းဘော ဇန်နဝါရီ ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မချမ်းဘောမြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မချမ်းဘောမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးအောင်ချိုမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တိုင်းရင်းသားရိုးရာအသင်းအဖွဲ့များက အမွှေးနံသာရည်များ ပက်ဖျန်းကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီးနောက် တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာအသင်းအဖွဲ့များ၊ ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ရန်အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” စသည့် ရွေးကောက်ပွဲနှိုးဆော်စာသားပါ အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ပူးပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)