စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ်အတွင်းရှိ “ပျော်တောင်”တောင်ရိုး ရှေးဟောင်းဘုရားစေတီပုထိုးများ လာရောက်ဖူးမြော်နိုင်

ဝန်းသို ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ တောင်ဘို့လှကျေးရွာအုပ်စု၊ (ထန်းပင်ကုန်း၊ ရေတွင်းကုန်း၊ အရှေ့ကုန်း)သုံးရွာစုအရှေ့ဘက် မြေပြင်အမြင့်ပေ ၇၀၀ကျော်ရှိ ပျော်တောင် တောင်တန်းကြီး ပေါ်တွင် တောတောင်ရှုခင်းများနှင့်သာယာလှပပြီး ကြီးမားသောကျောက်ဖြာကြီးပေါ်၌ ကြည်ညို သပ္ပာယ်စရာ ကောင်းသည့် ရှေးဟောင်း”ပျော်တောင်”စေတီတော်ဘုရားများ တည်ရှိသည်။

“ ယခင်က ဒီတောင်ရိုးပေါ်မှာ တောင်ယာခုတ်ရင်း အဂ္ဂိယဖိုထိုးတဲ့ မောင်မြတ်သာကျော်နဲ့ သူကြီး သမီး မမယ်မြတို့ လင်မယာနှစ်ဦးအမှီပြုပြီးတော့ သက္ကရာဇ် ၁၂၁၅ ခုနှစ် (ဦး ဂျာ အေး မှီ)တောင်ထိပ်ဖျား ဘုရားတည်လို့သက္ကရာဇ်ထိုးပြီး ပျော်တောင်ဘုရားကို စတင်တည်ခဲ့တယ်လို့ နှုတ်စကားအရသိရပါတယ်၊ ဒီတောင်ကို ယခင်က ပျော်တောင်လို့မခေါ်ဘူး၊ အင်ကြင်းပင်တွေအများကြီးပေါက်ရောက်လို့ အင်းကြင်း တောင်လို့ခေါ်တယ်၊ နောက်ပြီးတော့လဲ ကျောက်ကုန်း၊ ကျောက်ဖြာကြီးတွေရှိတာကြောင့် ကျောက် ကုန်း တောင်လို့လည်းခေါ်တယ်၊ ပျော်တောင်လို့ခေါ်တွင်ခဲ့တာကတော့ ဒီဘုရားတွေ အကုန်တည်ပြီးချိန် တောင် ကြားရွာသူ ဒေါ်ဒွေးဖြူဆိုသူက ယခင်ရှိခဲ့သည့်တုန်းမော်ရွာ ဆွေမျိုးများထံမှ အလည်အပြန် လမ်းမှာ “ရေဆာ သလိုဖြစ်လာတာကွယ် တောင်ကြားရွာရောက်မှ သောက်မယ်လို့ စိတ်ကူး ပြီး”လာခဲ့တယ်၊ အဲ့ဒီအခါ တောင် နှစ်လုံးကြားအကျော် အမြဲတမ်းသွားလာနေတဲ့လမ်းမှာဘဲ ဘယ်တုန်း ကမှမရှိတဲ့ရေတွင်းကိုတွေ့တော့ ရေ သောက်လိုက်တယ်၊ သူ့မှာချမ်းသလိုလို အေးသလိုလိုဖြစ်လာတယ် တောင်ကြားရွာရောက်တော့ ဒေါ်ဒွေးဖြူ က နတ်ပူးသလိုလိုဖြစ်ပြီးတော့ ရွာသူရွာသားတွေကို “မင်းတို့ ဒီရှေ့က မြင်နေရတဲ့တောင်ကို ဘယ်လို ခေါ်သလဲ”လို့မေးတယ်၊ ရွာသူရွာသားတွေက ကျောက်ကုန်း တောင်၊ အင်ကြင်းတောင်လို့ခေါ်ပါတယ်လို့ ဖြေကြတဲ့အခါ “အေးဒါဆို ရှေ့ဆက်ပြီး ကျောက်ကုန်း တောင်လို့လဲမခေါ်နဲ့ အင်ကြင်းတောင်လို့လဲ မခေါ်နဲ့ ပျော်တောင်လို့ခေါ်ရမယ်၊ မခေါ်တဲ့သူတွေကို  ငါ့သစ္စာခံဖြစ်မယ်၊ ဘဝနေဝင်ချိန်တန်သွားမယ်လို့“ ပြောခဲ့တာ ကြောင့် အဲ့ဒီအချိန်ကစပြီးမှ ပျော်တောင် ပျော်တောင် ဆိုပြီးနာမည်တွင်ခဲ့ခြင်းဖြစ်တယ်“ဟု ယခင်ဘုရား ဒါကာကြီး ဦးစံဦး၏မြေး ရေတွင်း ကုန်းရွာမှ ဦးကျော်စိုးက ပြောသည်။ 

“ပျော်တောင်” တောင်ရိုးပေါ်တွင် အောင်ရတနာစေတီ၊ အောင်ချမ်းသာစေတီ၊ ချမ်းသာကြီး၊ ချမ်းသာ လေးစေတီ၊ အလိုတော်ပြည့်စေတီ၊ မြစေတီ၊ ဆုတောင်းပြည့်စေတီ၊ ပြည်လုံးချမ်းသာစေတီ၊ ကံပွင့် ဉာဏ်ပွင့်စေတီ၊ ကောင်းမှုတော်စေတီ၊ ကျိုက်ထီးရိုးစေတီ စသည့်ရှေးဟောင်းဘုရားစေတီပေါင်း ၁၁ဆူနှင့် ဘုရားခြေတော်ရာ၊ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ကျောက်မဏ္ဍပ်ကြီး၊ ဆင်ခြေရာ၊ ကျားခြေရာ၊ ဒယ်အိုးပုံကျောက်ကျင်းများ၊ ယခင်ဘုရားပွဲပြုလုပ်စဉ်က မဏ္ဍပ်ဆောက်လုပ်သည့် မဏ္ဍပ်တိုင် ကျင်းပေါက် လေးများ၊ နဂါးဖို/မတွင်း၊ ဘုရားတက်ဖူးသည့်နဂါးမြွေ၊ ကျောက်လုံးညီနောင်၊ ဆင်ဖြူရှင်ရုပ်၊ နဂါးရုပ်ထု စသည့် ထူးခြားအံ့ဩဖွယ်ကောင်းသည့်နေရာများစွာရှိပြီး တောတောင် ရှုခင်းများနှင့် ရှုမညီးစရာ ကောင်း သည့် အတွက် ပျော်တောင် တောင်တန်းကြီးပေါ်သို့ ရပ်ဝေးရပ်နီး မှဘုရားဖူးပြည်သူများအနေဖြင့် လာရောက်ဖူးမြော် နိုင်ပါသည်။

ထို့ကြောင့် ပျော်တောင်စေတီတော်သို့ ရပ်ဝေးရပ်နီးမှပြည်သူများ လာရောက်ဖူးမြော်မည်ဆိုလျှင် ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာဘက်မှလည်းကောင်း၊ ဝန်းသို-အာမခံ-တောင်ဘို့လှ-ရေတွင်းကုန်း ကျေးရွာ သို့ (၅)မိုင်ခန့်၊ ရေတွင်းကုန်းကျေးရွာမှ ပျော်တောင်ထိ ၁မိုင်ခန့် ကား၊ ဆိုင်ကယ်များဖြင့် လာရောက်နိုင်မည် ဖြစ်ပြီး တောင်ရိုးပေါ်ရောက်သည်နှင့် စိမ်းစိုသော တောတောင်များ၊ သာယာသည့် သဘာဝအလှရှုခင်းများ၊ ထူးခြားအံ့ဩဖွယ်ကောင်းသည့်နေရာများနှင့် ကြည်နူးဖွယ်ဘုရား စေတီပုထိုး များကို ဖူးမြော်ကြည်ညိုရင်း စိတ်အေးချမ်းသာစွာ ကုသိုလ်ပြုနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။        

ကျော်မြိုင်(ပြန်/ဆက်)